အနတ္တ အနော်မာ...မြစ်တစ်စင်းရဲ့ ကဗျာ
    ကျွန်တော်ဆီ ရောက်လာတဲ့ ကဗျာတွေကို ဖတ်ပြီး၊ နောက် ကဗျာတစ်ပုဒ် မွေးဖွားလိုက်တယ်။ တစ်ပုဒ်ဆီ အထီးကျန်နေတဲ့ကဗျာတွေဟာအတွဲလိုက်  ဖြစ်လာပြီး ပိုပြီး အသက်ဝင်၊ အဓိပ္ပါယ်ရှိလာတာကိုတွေ့ ရတယ်။ ကဗျာဟာ မြစ်တစင်းဖြစ်သွားတယ်။ အနော်မာ ကလည်း မြစ်တစင်းပါ။ ကဗျာတွေ ရေးပို့ပေးကြတဲ့သူတွေက ကဗျာရဲ့ မြစ်ဖျားခံရာပါဘဲ။  ကျေးဇူးအရမ်းတင်တယ်။ ကဗျာချစ်သူများ မျှဝေခံစားနိုင်ကြပါစေ။ ကျွန်တော့်ဆီကို ကဗျာတွေ ပို့ပေးနိုင်ပါတယ်...။
သတင်း
Loading...
ငါးသုံး - Five Three
Aug 13, 2010
သွေးခိုနွမ်းရင်
သွေးခိုနွမ်းရင်
တွန့်  လိမ်
ဂျင်းစကတ် အရိုင်း
ဆိုင်းသံ..ဗုံသံ အလိုက်
ရှေ့ ကလျှောက်
ငါ့ မှာ
မိန်းမ ရှိတယ်
ကောင်း ကင် ထံ
မျက်နှာလွှဲ
မော့ ကြည့်
နေတချို့ 
တိမ်တချို့ 
အ ပေါက် တွေ
တောလဲသံ နဲ့ 
သိတ်တူတာပဲ
ဖိနပ် တွေ
ပြေး တက်
သံဝေဂ
..ရင်..
ပြန် ဆင်း ဖို့ 
မသေခင်
စာနှစ်စောင်
ရေးရမယ်
လုံး ဝ
ငြိမ်
အင်္ကျီ ချွတ်လိုက်
ဆောင်းရာသီ
..နွမ်း..
အအေး ထပ်ဖွင့် ပေး
နောက်ထပ် ဖွင့် ပေး
နေ အထက်
နေပူ
ရင်ဘတ်
နား က
..ခို..
မြွေ ထက်သေ အောင် ကြောက် တယ်
တစက် စ
အဆုံး မဲ့
..သွေး..
စက် ရုပ် ဖောင်
တ ဏ္ဍာ တွေ
မ ပေါ် အောင်
နှိုက် ဖျက် ရ ဦး မယ်
။ ။
အနော်မာ
၂.၈.၂၀၁၀
( မနက် ၄ နာရီ ၁၀ မိနစ် )
Click here - ကဗျာနားဆင်ရန်
Jul 28, 2010
ဂျာဘူလာနီ
ဂျာဘူလာနီ
အမှိုက်ကားပေါ်..အခွံတွေ
အခွန်တွေ..မီးသဂြိုလ်စက် အထိ
မြစ်ဆီ
တ ရွတ် တိုက်
ဆွဲ
.
.
ပြေး
အရှင်လိုက် ဟင်းချက်ပွဲ
မြင်ကွင်းက
တိုကျိုမြို့ ပေါ်က..အလုပ်ဆင်းနေတဲ့ မနက်ခင်းနဲ့  တူတယ်
ဆူရှီလိပ်က..သူ့ အသက်ကို ရေထဲမှာ သိမ်းတယ်
ဘာလို့ ....?
ဘာလို့ .....??
ဂျာဘူလာနီ
မင်း..မုတ်ဆိတ်မွှေး ထားသင့်ပြီ။
အနော်မာ
၂၅.၇.၂၀၁၀
(မနက် ၁၂ နာရီ ၃၅ မိနစ်)
* Jabulani - Ball of FIFA World Cup 2010
(meaning 'to Celebrate' in the isiZulu language )
http://www.laocomics.com/blog/wp-content/uploads/2009/03/lions-attacking-hippos.jpg
“အုံ့ပုန်း”
“အုံ့ပုန်း”
ညည ဆိုဆိုနေကြ သီချင်းလေးရေ .....
ပေးစရာ နာမည်
ကိုယ် မသိခဲ့ . . . . ၊၊
မင်းကိုရှာဖွေတွေ့ရှိပါစေ
လွှင့်ထုတ်လိုက်တဲ့ မီးခိုးတွေသာ
ပြာဖြစ်သွားတယ်
ရင်ထဲက မီးလေးတော့ မငြိမ်းနိုင်ခဲ့ပေါ့ ၊၊
တစ်စက္ကန့်မှာ
ဘယ်လောက်တောင် ရှည်လျားခဲ့လဲ ..
လွမ်း
မိုင် ... ... ၊၊
- ဇာတိ -
======================
ငါ့လက်ဖျံပေါ်ကျလာတဲ့ အေးစက်စက်မိုးစက်တွေထဲမှာ
မင်းရီသံတွေပါပါလာတာ ဘယ်နှစ်စက်ရှိပြီလဲ
မတွေ့ရတော့ဘူး ရင်တခုလုံးပြိုကျ
ငါ့မျက်နှာပေါ်က အာဟာရချို့တဲ့ လက္ခဏာနဲ့
တူးဆွထားတဲ့ အနာပေါ်မှာ ယင်တွေ အုံနေတယ်
ပခြုပ်ထဲက လိပ်ပြာကလေးရေ
ငါ့နာမည်ကို မကြားဘူးလား
ငါ့အရိပ်ကို မမြင်ဘူးလား
ငါ့ရနံ့ကို မရဘူးလား
ငါ့လက်ဖျံပေါ်က ရီသံတချို့ကို
သိုဝှက်ထားတဲ့ နာကျင်မှုနဲ့ ဖြတ်စီး
ငါ့သွေးတွေ ပြောင်းပြန်စီးကုန်ပြီလေ ။
- နီလေး -
==========================
ခဏခဏမက်ဖြစ်တဲ့ အိပ်မက်ကို
အိပ်မက်ထဲ ပြန်သွင်းလိုက်တယ်
တကူးတကကြီး ပြန်သွင်းကြည့်လိုက်တာ
အနားသတ်မျဉ်းတစ်ကြောင်းအတွက်
ရင်နဲ့ဖြိုချလိုက်ရတာကလည်း
ညတွေ သက်သေပဲ
မင်းပြုံးတာ ငါမမြင်ရတာကြာပြီ
သိပ်သည်းဆ သိပ်များနေတာလည်းမဟုတ်ဘူး
ဟင်း ကနဲ ချလိုက်တဲ့ သက်ပြင်းတွေမှာ
ပြန်မရလိုက်တဲ့ ရောင်နီတွေပါတယ်
မပြောဖြစ်လိုက်တဲ့ ဒဏ်ရာတွေ ပါတယ်
ကျိန်စာပြယ်ဖို့ ကျိန်စာတစ်ပုဒ် ထပ်ရွတ်ရမှာလား
ဒီလိုဆိုရင်တော့
ထိုးစရာလက်ညှိုး ဘယ်ဖက်လှည့်ရမလဲ ။
- အမည်မဲ့ -
========================
သေတ္တာထဲမှာ ဘာတွေ ရှိမလဲ ။
ပန်းသီးတစ်လုံး ၊ ဒါမှမဟုတ်
ပန်းတစ်ပွင့် ၊ ဒါမှမဟုတ်
အခွံသင်/ဆူးနွှင် ဖို့ ဓားတစ်ချောင်းလား ။
နင်လား ၊ ငါလား ။
နင့်ကြောင့်လား ၊ ငါ့ကြောင့်လား ၊ အပြင်မှာမိုးတွေရွာနေတယ် ။
မသိချင်တော့ဘူး ။ ( မဟုတ်သေးဘူး )
မသိချင်သေးဘူး ။ ( တခြားလူတွေ တွေ့မှာစိုးတယ် )
အဲ့လိုနဲ့ ၊ သော့ကို ခေါင်းအုံးအောက်ထဲ ထိုးထည့် ။
နှိုးစက်ကို မနက် ၂ နာရီ ပေးထားလိုက်တယ် ။
- ဆူးခက်မင်း -
=============================
နတ်သမီးရာသီ ပြောင်းတိုင်း
ဗြဟ္မာကြီး ဦးခေါင်း
ဆတ်..ဆတ်..ခါ
မီးတောင် အဟောင်းကြီး
ဂစ်တာ..တီးနေပြီ
ငုံကြည့်မနေပါနဲ့ ...'သူမ'
'ငါ'
လက် ခုပ် ထဲ က ရေ
'ငါ'
ပလက်ဖေါင်းပေါ်က..ပက်လက်ကျွဲ
'ငါ'
ကြားခံမပါတဲ့ ကဗျာ
ငါ့ကို သောက်ပါ
ငါ့ကို သုံးပါ
ငါ့ကို မြိုချလိုက်ပါ
- အနော်မာ -
ကဗျာ - နားဆင်ရန်
စီးလျှောတစ်ခု၏...ရာဇ၀င်
၂၀၁၀ ပြည့်နှစ် ဂျူလိုင် (၃) ရက်နေ့ 
လွမ်း
..မွေးနေ့ အတွက် ထာဝရ အမှတ်တရ
ဓမ္မဒဿန လက်ဆောင်ကဗျာ
http://blog.lib.umn.edu/rolan035/architecture/425_web-ERE-seesaw-PAR116898.jpg
စီးလျှောတစ်ခု၏...ရာဇ၀င်
တဖြည်းဖြည်း ဆုတ်ခွာသွားလိုက်တာ
အသွေးထဲ သားထပ်သွားစေဖို့ 
အဲ့ဒါ
ကြယ်ဆီ လျှောက်သော..ငါး
မဲ့နေတဲ့ ကွက်လပ်ကို
ပြန်ပင့်တင်နေတဲ့ ကွက်လပ်က
အလျား  =  ……  X  ……
ထပ်မှုတ်ထုတ်လိုက်ပါဦး
အထပ်ထပ် မှုတ်ထုတ်လိုက်ပါဦး
ညိုလိမ်..မီးကောက်တွေထဲ
ညိုလိမ်..ခိုးတောက်တွေထဲ
အစုန်းစုန်း...အဝေေ၀
မြူး
လူး
တွယ်
နောက်ခံ -  မည်း ပြာ ရောင်
ခွာရာ - သုံးဆယ့်တစ် + တစ်
နေ့ ဟာ..နေ ကို ရှစ်ခိုးဦးချ
အဲ့ဒါ
သားအိမ်ကင်းဗတ်(စ်)ပေါ်က
ဒဏ်ရာဗရာပွ ပန်းချီကား
စွန်းထင်နေတဲ့..ဆေးစက်ကို
စွန်းပေစေတဲ့..ဆေးစက်က
ဥုံးကိုက် နှလုံးသား
တရစပ်..ပြွတ်သိပ်လိုက်ပါဦး
အဆစ်ဆစ်..ကိုက်ရွလိုက်ပါဦး
လေးထောင့်ပြား တစ်ချပ်ရဲ့ ..ရှေ့ 
သက်ရှူနေသော မျက်လုံးတွေ
သက်ငင်နေတဲ့ မျက်လုံးတွေ
တဆုံးဆုံး...တဝေေ၀
လွင့်
မှိတ်
ကြွေ
ခွက်ဟာ ပြည့်လျှံသွားပြီး
သီလဟာ..လျှော့ဖိတ်သွားတယ်
အဲ့ဒါ
ထမင်းငတ်နေသော...ကဗျာ
သီလဟာ ခွက်ဖြစ်ပြီး
ခွက်ထဲမှာ သီလမရှိကြောင်း
 တင်ပလွေချိတ်..ချင်းဆိုသော ပါးစပ်က
?
အဆက်မဲ့  ရစ်ပတ်လှည့်ပါဦး
အဆုံးမဲ့  ရစ်ပတ်လှည့်ပါဦး
ဆိုင်ကလုန်းအချင်း  :  ငါ x သံသရာ
ရေရောင်..အနမ်းတွေထဲ
သေအောင်..လန်းနေတဲ့..ငါ
..................
အဲကွန်းဝေသော..ဈာပနမှာ
လာကြိုသူ
?
အာရမ္မဏပစ္စယော
…………………
………………
……………..
…………..
…………
……….
……..
.......
.....
....
...
..
.
အတွင်းမှောင်လို့ 
လင်းချင်ယောင်ဆောင်တဲ့ မုန်တိုင်း
ကိုယ့်ဒဏ်ရာကိုယ့်မွှန်း
.....
ဝန်း
တယ်
ဟောတိ။
အနော်မာ
၁.၇.၂၀၁၀
(မနက် ၄ နာရီ)
ခရီးသွားငါးယောက်
ခရီးသွား
ခရီး...စထွက်ပြီဆိုကတည်းက
ပန်းတိုင်မရောက်ခင်ထိ
လျှောက်တဲ့သူလျှောက်
လဲတဲ့လူလဲ ကွဲတဲ့သူကွဲ
ထိတဲ့သူထိ ငြိတဲ့သူငြိ ဂိတဲ့သူဂိ
ချန်ခဲ့သူချန် ကျန်ခဲ့သူကျန်
ကိုယ့်ခြေထောက်ကိုရပ်
ကိုယ့်ခရီးကိုလျှောက်
ဒီလိုနဲ့ ငါ....ဒီနေရာမှာ
ခရီးပေါက် ရောက်ရှိနေပါ့လား
ပန်းတိုင် ???!!! ဟုတ်လား
ပန်းတိုင်ဆိုတာရောဘာလဲ
ပန်းတိုင်ရောက်ရင် ဂိတ်ဆုံး
ဂိတ်ဆုံးဆိုတာ ဂိတ်ဝ
ဂိတ်ဝဆိုတာ ဂိတ်စ
ဂိတ်စက "လူ"
ဂိတ်ဆုံးက "ဂူ"
ဂိတ်ဆုံးဆိုတာ ထိုကုန်း ပဲဖြစ်မယ် ။
နေ နဲ့ လ စိမ်ပြေးတမ်းကစား
ရာသီတွေ ဖြည်းဖြည်းခြင်း ကုန်ဆုံး
ပျောက်ဆုံးသွားတဲ့ ပြက္ခဒိန်တွေ
ဒီနေ့ ထက်ထိ သမိုင်းကြောင်း နောက်ပြန်ငဲ့ကြည့်
ပြန်လှည့်၍ ကြည့်သော်...???
.?.
aaboy/ ခေတ္တ(လူ့ပြည်)
................................................
..............................................
ခရီးသွား
မြူတွေ ဆိုင်းတဲ့ လမ်း
စမ်းတ၀ါးဝါး လျှောက်
ကြာတော့ ညောင်းလာတယ်
ဖရိုဖရဲ အတွေးတွေနဲ့ 
ခံတွင်းချဉ်လာတော့
ဟော!!!
ရှေ့ မှာ လူတစ်ယောက်
ပြာမကြွေ ၊ အငွေ့ မသေသေးတဲ့
ဆေးလိပ်တိုလက်ကြားညှပ်
မောပန်းတကြီး လျှောက်လာ
မိတ်ဆွေ
မီးတစ်တို့ လောက်
မြှားနှစ်စင်းရဲ့ နောက်မှာ
သောက်တတ်ရင် ဆောင်ထားမှပေါ့
.........................................
တုန့် ပြန်ချင်တဲ့ စိတ်ထက်
လက်ထဲက ရေဗူးကမ်းပေးလိုက်မိ
အငမ်းမရ သောက်နေတဲ့ သူ့ ကို ကြည့်
အလိုလို ပြုံးမိလာတဲ့ နှုတ်ခမ်း
အငွေ့ မထွက်သေးတဲ့ ဆေးပေါ့လိပ်တို ကို ကိုက်
အသိတစ်ခု ရင်မှာ ပိုက်
လွတ်လပ်ပေါ့ပါးစွာ
သူ့ ကို ကျွန်တော်
ကျော ခိုင်း
လိုက်
တယ်
.......
ဖိုးသားကြီး
.................................................
.........................................
ခရီးသွား
ကောင်းကင်နတ်တွေကို
အမွေဖြတ် စွန့် လွှတ်
ဘယ်လမ်းဝင် ဘယ်တောထွက်
အစက်............အစက် တွေကြား
အိပ်ဇောသံ
နှုတ်ခမ်းနီစွန်းပေနေတဲ့
ရေသန့် ဘူးလေးတွေ ပေါ့
ဝေါကနဲ...
တစ်ယောက်တလှည့် ယပ်ခတ်ပေးရင်း
နေ တလှည့် လ တလှည့်
လင်းလိုက် မှောင်လိုက်
မြင့်မိုရ်ပတ် ဖိနပ်တချို့ 
ရာသီဥတုအလိုက်
အိပ်ပြန်သွားကြတယ်........
အနော်မာ
.................................
.................................................
ခရီးသွား
အခမ်နားဆုံး ငြိမ်းချမ်းမှုကို
စကြာဝဠာ တစ်ခုရဲ့ 
တစ်နေရာမှာ ငိုညည်းနေကြ
ကျွန်တော်နဲ့  သုဘရာဇာ
စကားပြောဖြစ်ကြလိမ်အုံးမယ်......
မာယာလောကရဲ့  ကွန်ရက်ထဲမှာ
အနန္တက
နိဒါန်းလဲဒါပဲ နိဂုံးလဲဒါပဲ
ကျန်တဲ့ ခရီးမှာ
မြစ်တစ်စင်းလို စီးဆင်းသွားချင်ခဲ့တယ်....
ကျောပေါ်၌ ဗေဒါများကပ်ပါသော်လဲ
သစ်တုံးများတွယ်ငြိနေအုံးမည်....
အပျက်တွေထဲက အဖတ်တင်ဖို့ 
မြစ်ကျိုးအင်းတွေကို
မြေဖို့ ခဲ့လိုက်ချင်တယ်....
ဟို့ .......မှာ......
ခေါင်းသုံးလုံးနဲ့ လူက အပျော်ခရီး ငါးမျှားဖို့ 
ငါးစာအတုတွေတပ်ပြီး လမ်းထလျှောက်နေတယ်..........
တိမ်ပြာ
................................................
.........................................................
ခရီးသွား
ဒီလိုနဲ့လာကြ
ပျော်ရွှင်ခြင်းသစ်သီးကိုကိုက်ဝါ
ငိုကြွေးခြင်းဖျော်ရည်ကိုသောက်
သွားတိုက်ဆေးကြော်ငြာမျက်နှာဖုံးတွေတပ်
အတ္တညှပ်ပေါင်မုန့်ကိုစားသုံး
သပွတ်အူအန်ဖတ်တွေ
(အဆက်မပြတ်)
ထွေးထုတ်ရင်း
ကျီးအာသီးအင်္ကျီတွေဝတ်လိုက်ကြ
......ဒီလိုနဲ့.........
သွားကြပြန်ရော
အဲ
ဒါပေမယ့်
အဖြူထည်တွေကို ခလုတ်တိုက်လိုက်ကြသေး ။ ။
အမည်မဲ့
အမည်မဲ့+အနော်မာ+တိမ်ပြာ+ဖိုးသားကြီး+aaboy
14 July 2010
အမည်မဲ့ 
အကိုတော် အမည်မဲ့ မွေးနေ့ 
တစ်နှစ်တလပြည့် အမှတ်တရ
အမည်မဲ့ 
အမှားဆီ ရောက်မှ  
ဆက် အသက်ရှူခွင့် ရမယ်
ညာဘက်သို့  ရွှေ့ ပါ
ခင်ဗျား အခု မရွှေ့ သေးဘူး
ကျွန်တော့်ကို တွေဝေပြီး ကြည့်နေတယ်
အမှားဆီ ခင်ဗျား မသွားချင်ဘူး
အမှားကို ခင်ဗျား မကြိုက်ဘူး
ဟုတ်တယ် မလား ?
ဒါပေမယ့် ခဏနေရင်
ခင်ဗျား အမှားဆီ သွားကို သွားတော့မယ်
မှားပြီးရင် ကျွန်တော့်ကို မမြင်ရတော့ဘူး
 ဒါပေမယ့် အဲဒီ အမှားဟာ မမှားကြောင်း
အဲဒီ အမှားဟာ တခါးပေါက် ဖြစ်ကြောင်း
အဲဒီ အမှားဟာ အနီရောင် ဖြစ်ကြောင်း
အဲဒီ အမှားဟာ တံတား ဖြစ်ကြောင်း
အဲဒီ အမှားဟာ ၀င်္ကပါ ဖြစ်ကြောင်း
အဲဒီ အမှားဟာ အသက်ရူခွင့်သာ ဖြစ်ကြောင်း
အဲဒီ အမှားဟာ အရာရာ ဖြစ်ကြောင်း
အဲဒီ အမှားဟာ ကဗျာ ဖြစ်ကြောင်း
အဲဒီ အမှားဟာ  နာမည်သေ မရှိကြောင်း
ကျေးဇူးပြုပြီး
အဘိဓါန် တစ်အုပ် ရေးပါ
…………………
 ‘ဟော‘
…………………
ခင်ဗျား...စရွှေ့ နေပြီ
။ ။
 ၁၂.၇.၂၀၁၀
ည ၁၁ နာရီ ၅၀ မိနစ်
ဗုဒ္ဓဟူး + ပါရမီဆယ်ပါး
ဗုဒ္ဓဟူး
ဘုရားသခင်
အရှင် . . .
မောနေခဲ့သလား . . . ။
ရုပ်သေး
ပါရမီ ဆယ်ပါး
ဥပ ၊ ပရမတ္တ
ပါရမီ ဆယ်ပါး
အပြားသုံးဆယ်
မောခဲ့ပါသည် သားငယ်။
........................
ဒါန
ငါစားတာ အနက်ရောင်ထမင်း
သူများစားဖို့  ငါ့ကိုယ်ငါ ကျွေးတယ်
သီလ
..ဓါး..မျက်စိဗလာနဲ့ 
 စောင့်ရှောက် လွန်းပါတယ်
နိက္ခမ
မြေပစ်သစ်ပင်
ပညာ
မျဉ်းဖြောင့် တစ်ကြောင်းဆွဲ
ကြက်ခြေခတ်
ဝီရိယ
ပင်လယ်ကြီး ခပ်မည့်
ကြွတ် အမြီးဖတ်
ခန္တီ
 ' ဟေ့...ပြုတ်ကျတော့မယ် '
ခြေထောက်က မော့ပြီး
ခေါင်းကို ပြောတယ်
သစ္စာ
ဟုတ်ကဲ့...သတ်ပါ
အဓိဌာန်
မလုပ်ရင် မလုပ်ဘူး
..လုံးဝ..
မေတ္တာ
တော်တော် အေးတယ်
ကိုင်ကြည့်တော့ နွေးတယ်
အချိန် ကန့် သတ်မဲ့
လေထဲက ရေလှိုင်း
ဥပက္ခာ
နေကိုး လကိုး
ခြင်ကိုက်တယ်
လေမယပ်ဘူး
အနော်မာ
၁၂.၇.၂၀၁၀
ညနေ ၅ နာရီ ၃၂ မိနစ်
ပြန်သန်းသွားသော......
ပြန်သန်းသွားသော......
ကောင်းမွန်သော အိပ်စက်ခြင်းဖြင့်
ကကြိုး သည် ပြိုင်းပြိုင်းခုန်
ထိုအရာသည် မျှော်လင့်ချက် စာသား
ခြေသံ ကြောက်ရွံ ကျောက်စရစ်
နံရံထက် ဂေါ်ဇီလာ လက်ကျန်တချို့ 
ထိုင်ခုံပေါ် ကြောင်တစ်ကောင်
အလင်းရောင်တန်ဖိုး နှင့် နံရံပိတ်အခန်း
ထိုအရာသည် လွန်လေပြီးသော မှတ်တမ်း
ဒီကွမ်းထဲ ထုံးမထည့်ပါနဲ့ 
သွေးတွေနီမှာ ကြောက်လို့ 
လက်ရေးလှတဲ့ ကဗျာ ဖတ်စရာ မလိုဘူး မလား
ထိုအရာသည် လေမတိုက်သေးသော ပစ္စုန်ပ္ပန်
နားတွေ ပိတ်သွားရင် ကောင်းမယ်
ပဲကတ္တီပါပြုတ်သည်က အော်လွန်းပါတယ်
စကားမစပ်
ကျွန်တော်ဟာ ကျွန်တော်နဲ့ မတူတာ ကြာပြီ
ရင်ဘတ်ထဲမှာ Printer မရှိဘူး
စကားလုံးတွေက ငိုလွန်းနေ
ထိုအရာသည် စနေနေ့ ဆီသွားသော လေယျာဉ်ပျံ
Transformer က  မအော်သေးဘူး
စောင့်နေတယ်
‘ထောက်’ ဆိုတဲ့အသံကို စောင့်နေတယ်
လက်ခုပ်တီးပေးမလို့ စောင့်နေတယ်
ပါးစပ်တပြင်ပြင်နဲ့ စောင့်နေတယ်
‘၀ါး’
ခြင်ထောင်ထဲက ထွက်ပြီး ခြင်ထောင်ထဲ ပြန်ဝင်
ထိုအရာသည် လူကြိုက်နည်းသော ဒဿန
ဟုတ်ကဲ့
စကားမစပ်
ကျွန်တော် ပြန်တော့မယ်
တံခါးတွေလဲ ပိတ်ကုန်ကြပြီ
ဖယောင်းတိုင် တချို့ တော့ ကျန်နေသေးတယ်
လျှောက်ရဦးမယ်လေ
ချိုင့်တွေ ဆက်တူးရဦးမယ်
ခြင်ထောင် အပြဲတွေ ဖာရဦးမယ်
ရွှံ့ ပေနေတဲ့ မှန်တွေ တိုက်ရဦးမယ်
ညစာ မစားတော့ဘူး မိန်းမရေ
မနက်ဖြန် အော်သံ မကြားရင်
ငါးသုံး ၀ှက်စာကို နောင်တော်တို့ ကို ပေးလိုက်ပါ
ထိုအရာသည် ကောင်းမွန်သော အိပ်စက်ခြင်း ဖြစ်ပါစေ
ထိုအရာသည် အဆုံးစွန်သော မျှော်လင့်ချက် ဖြစ်ပါစေ
ထိုအရာသည် ကျွန်တော်နဲ့ မတူသော ကျွန်တော် ဖြစ်ပါစေ
ထိုအရာသည် Transformer အော်သံ ဖြစ်ပါစေ
ထိုအရာသည် …………
စကားမစပ်
စနေနေ့ ဆီ သွားမလို့ 
ကျွန်တော် တကယ် ပြန်တော့မယ်
 ‘ထောက်’
တုန်လှုပ်နေတဲ့ ခုံပေါ်က
တုန်လှုပ်နေတဲ့ သတ္တ၀ါ
ကိုယ့် ကို ကိုယ် တောင်
 နှုတ်ဆက် မသွားဘူး။
အနော်မာ
၁၀.၇.၂၀၁၀
ညနေ ၅နာရီ ၁၀မိနစ်
ဓမ္မ
ဓမ္မ
ပွတ်တဲ့ဖဲတိုင်း အပွင့်ပါမလာတော့
စိတ်ဓါတ်ကျသံ ရိုက်သွင်းထားတဲ့ကဗျာတွေ
မျက်တောင်တစ်ဖတ်စီမှာ ချိတ်ယမ်းသွားသော မှန်တွေ။
လောင်နေတဲ့မီးကို ပါးစပ်က တဖွဖွ
ယုယုယယ မှုတ်နေရတာ ငြိမ်းသလား?
သိတော့သိတယ် ဒါပေမယ့်
တောက်စေလိုသော အား ၊ ငြိမ်းစေလိုသော အား
ရူပဗေဒ မျဉ်းနှစ်ကြောင်းကြား
အသိညဏ် ပါးပါးလေး ခြားတယ်။
သူများပြာကို ကိုယ့်ပြာလို မြင်တတ်ဖို့ 
အခန်းမီးတွေ လိုက်ပိတ်ဖို့  လိုမလား?
ကျေးဇူးပြုပြီး
မျက်စိတွေ မှိတ်လိုက်ပါ
အသပြာရေတွက်ချင်တဲ့ လက်
တဏ္ဍာဝေဖက်နေသော လက်တွေ
ဖြတ်ရဲလား?
သိတော့သိတယ် ဒါပေမယ့်
အမှောင်သိပ်သည်းစ နှစ်မျိုးကြား
အလင်းရောင် ပါးပါးလေး ခြားတယ်
သင်္ကြန်ရောက်မှ ကတုံးတုံးကြတာပေါ့
အရည်ပျော်ကျသွားတဲ့ စက်ဝန်းမှန်ရင်
မီးအတု ငြိမ်းမှ မီးအစစ် တောက်ရတယ်
သိတော့သိတယ် ဒါပေမယ့်
အသိညဏ် အမျိုးမျိုးကြား
အ၀ိဇ္ဇာ ပါးပါးလေးခြားတယ်
သေခါနီးမှ သင်္ကန်းစီးကြတာပေါ့
ထုံးဖြူသုတ် ပါးစပ်ပေါက်ထဲ
  မျက်စိကို  အိပ်မပျော်သေးခင်
နိုးကြားစွာ ပိတ်တတ်ဖို့ 
အပြုံးမပျက်သေးတဲ့
ဓါးမ တစ်ခုတော့ လိုမယ်။
.
.
.
လိုက်ရဲလား?
အနော်မာ
၁၃.၄.၂၀၁၀ (ည ၁၁နာရီခွဲ)
Jul 19, 2010
ယူရေနီယံ ကြေးရုပ်
အာဇာနည် ခေါင်းဆောင်ကြီးများအား
ဤကဗျာဖြင့် အမှတ်ရ အလေးပြုလျှက်။
ယူရေနီယံ ကြေးရုပ်
...ပန်ကာ ဖွင့်ပေးပါ...
ပလပ်ပေါက်ကို ရေထဲ နှစ်လိုက်
'အူဝဲ'
ဂဠုန်မီးနေစောင့် တွေကို
ဆေးရုံထဲက နှင်ထုတ်ပေးပါ
..............
လူ ကိုးယောက်
လက်တစ်ဖက်ကို နောက်ပစ်ပြီး
နောက် လက်တစ်ဖက်ကို
ရှေ့ုထုတ် ကာတယ်။
အဲဒီ လူတွေ..အတွက်
ကြေးရုပ်
ပန်းခြံထဲမှာ တစ်ရုပ်ပဲ ထားတယ်
အဲဒီနေ့ ဆို...ရည်းစားနဲ့  လျှောက်လည်တယ်
အဲဒီနေ့ ဆို...မိသားစုနဲ့ ပျော်ပွဲစား ထွက်တယ်
အဲဒီနေ့ ဆို...သူငယ်ချင်းတွေနဲ့ Dota ချိန်းခုတ်တယ်
အဲဒီနေ့ ဆို...နေကာမျက်မှန်တပ်ပြီး တည်းခိုခန်း သွားတယ်
..............
ရွှေတိဂုံဘုရား ပေါ်က အနီရောင်အမွှေးတိုင်တွေ ကတော့
ယူရေနီယံမျက်ရည်စက်တွေနဲ့ 
တစ်ယောက် ရင်ဘတ်ပေါ်
တစ်ယောက် ဒူးထောက်ရင်း
ဆယ်နာရီ သုံးဆယ့်ခုနှစ်မိနစ် ကို
...နောက်တကြိမ် ဘယ်တော့မှ မမွေးဖွားရန်...
..............
သမိုင်းမှာ...အဲဒီနေ့ က ရေဒီယိုက ငိုနေတယ်
လှည်းတန်းမှာ...အဲဒီနေ့ က ရေဒီယိုက ငိုနေတယ်
ဘုရင့်နောင်မှာ...အဲဒီနေ့ က ရေဒီယိုက ငိုနေတယ်
ကမ္ဘာတချို့ ... အင်တာနက်ပေါ်က ငိုနေတယ်
မြန်မာတပြည်လုံး...သောင်းသောင်းဖြဖြ ငိုနေတယ်
..............
သူတို့ ဟာ ငါတို့ ရဲ့ အဖေတွေ ဖြစ်တယ်
သူတို့ ဟာ ငါတို့ ရဲ့ အဘိုးတွေ ဖြစ်တယ်
အဲဒီနေ့ က သူတို့ 
ရည်းစားနဲ့  လျှောက်မလည်ဘူး
အဲဒီနေ့ က သူတို့ 
ပျော်ပွဲစား မထွက်ဘူး
အဲဒီနေ့ က သူတို့ 
တည်းခိုခန်း မသွားဘူး
အဲဒီနေ့ က..သူတို့ 
ရေဒီယို နားမထောင်ဘူး
အဲဒီနေ့ က..သူတို့ ဟာ
အစည်းအဝေး တက်သူများ ဖြစ်တယ်
အဲဒီနေ့ က.....သူတို့ ဟာ
သားပစ် ၊ မယားပစ် သူများ ဖြစ်တယ်
အဲဒီနေ့ က..သူတို့ ဟာ
အတိတ်ရဲ့ ထာဝရ အရိုင်းပင်များ ဖြစ်တယ်
...သူတို့ ဟာ...
လမ်း
...သူတို့ ဟာ...
ဂျူလိုင်လရဲ့  ကျောက်စရစ်ခဲများ
........................................
..............................
.....................
...အဲဒီနေ့ မှာ...
မွေးဖွားသန့် စင်သော ရင်သွေးငယ် တချို့ ကတော့
သူတို့  မွေးနေ့  ရောက်တိုင်း
သရဲခြောက်နေတဲ့ ပြတိုက် တစ်ခု ထဲက
တကျပ်တန် ပိုက်ဆံလေးကို
အရောင် ပြောင်းသွားသလား..ရယ်လို့ 
...နားစွင်နားဖျား...
တိုးဝှေ့  ကြည့်နေကြဆဲ။
အနော်မာ
၁၈.၇.၂၀၁၀
မနက် ၆ နာရီ ၃ မိနစ်
Mar 27, 2010
ဇာတ်စင်
ဇာတ်စင်
ရော့ အ၀ါတချောင်း
ဆန်အိတ်ပေါ်က တာလီချောင်းတွေ ရေချိန်မကိုက်စေနဲ့ 
ကတ်…မင်းသား ဒီအခန်းမှာ ခါးထောင်းကျိုက်
ရွတ်..ရွတ် ကောင်လေး ဇေတပိုင်းချမယ်
ရေမွှေးပုလင်းတွေ ကြွတ်ကြွတ်အိတ်တွေထဲ သိတ်မရှာနဲ့ ..မင်းသမီး
တစ်ရူးလိပ်တိုင်း ချိုမြမွှေးမနေဘူး
၂၀၁၀မှာ ဆပ်ပြာမနိုင် နှစ်ဆောင်ပြိုင်တွေ
ပေါတယ်...တစ်ထောင်ဖိုး = ၃ထည်
ခါး၊ရင်၊ကော့ လမ်းဆုံတိုင်း လွမ်းပို အမှိုက်ကောက်ပြလိုက်
အကယ်ဒမီရှော့
ဝမ်းတီး၊ တူးတီး ခင်ဗျားသားလေး စားပွဲထိုးတက္ကသိုလ် သွားနေပြီ
ဘောင်းဘီအိတ်ထဲ နှစ်လုံးပြူးသေနတ်ကြီးဆွဲ လူကြမ်းအံ့ကျော်
အနှိပ်ခန်းတောမှာ သူယောင်မယ် အမဲဆွတ်ခန်း
Shot
ဒိုင်း
သူပစ်တာ ဦးချစ်မောင်အပင်ပေါ်က
နို့ ဆီဘူးမ၀ယ်နိုင်တဲ့ ဧရာဝတီသူ
သာဓုပါဗျာ
အမှိုက်ကသန့် ပေမယ့် ပြဿဒ်ကစ မီးလောင်တော့
ပရိတ်ရေမပွက်
စင်မပါတဲ့ ဇာတ်ကို
မနက်တိုင်း ဘတ်စ်ကားပေါ်က
တခမ်းတနား လမ်းသွားရင်း ကြည့်လို့ ရတယ်။
အနော်မာ
၅.၂.၂၀၁၀
မနက် ၄နာရီ
အမှတ်တရ